ငယ်ငယ်တုန်းက
မိုးတွေရွာတဲ့အခါ
အိမ်ခေါင်မိုးပေါ်မိုးရေပေါက်တွေကျတဲ့အသံ
တဝုန်းဝုန်း ဘာမှမကြားတော့ဘူး
ဖေဖေရယ် မေမေရယ်
ညီအကိုမောင်နှမတွေရယ်
ငါတို့အိမ်လေးရယ်
စောင်ခြုံထဲမှာ နွေးနေအောင် အိပ်ခဲ့ဘူးတယ်။
ထမင်းကြမ်းခဲ တိုဟူးသုတ်
တခါတလေ အကြော်နဲ့
ကျောင်းသွားဖို့ပြင်ဆင်နေတဲ့
ငါတို့အိမ်လေးဆူညံနေခဲ့ဘူးတယ်။
ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား
စစ်ဗိုလ်ကြီးလား၊ ဂီတသမားလား
ရုပ်ရှင်မင်းသားလား
သနပ်ခါးတွေလိမ်း၊ မှန်တွေအခါခါကြည့်
နေ့သစ်တွေတိုင်းအားရှိနေခဲ့တယ်။
ဖေဖေလဲအဖြူနဲ့အစိမ်း
မေမေလဲ အဖြူနဲ့အစိမ်း
မမလဲအဖြူနဲ့အစိမ်း
ညီလေးလဲအဖြူနဲ့အစိမ်း
ကျနော်လဲအဖြူနဲ့အစိမ်း
ဒို့တအိမ်လုံးကျောင်းသွားတော့မယ်။
နောက်တော့ အဖေလဲထောင်ထဲ
ကျနော်လဲတောထဲ
ညီလေးလဲဝရမ်းပြေး
အမလဲ အလုပ်ပြုတ်
အမေလဲ ကင်ပေတိုင်ရုံးရောက်
နောက်ဆုံးငါတို့့့အိမ်လေးလဲ
ဟိုတကွဲဒီတကွဲ။
နောင်သံသရာမှာ အသစ်ကပြန်စလို့ရရင်
မေမေရယ် ဖေဖေရယ်
ညီအကိုမောင်နှမတွေရယ်
မိုးတွေရွာတဲ့တနေ့
ငါတို့အိမ်လေးထဲမှာ
နွေးထွေးနေအောင်ငါ အိပ်ခြင်သေးတယ်။
(ဇော်မိုးကျော် အောက်တိုဘာ ၉ ရက် ၂၀၁၇..)
Be First to Comment